မြန်မာနိုင်ငံအခြေအနေ
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံ၊ လာအို၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတိုနဲ့ နယ်နမိတ် ခြင်းထိစပ်နေပါသည်။ လူဉီးရေမှာ ခန့်မှန်းခြေ ၅၁.၄၁ သန်းခန့်ရှိသည်။ တိုင်းဒေသကြီး/ပြည်နယ် ၁၅ခုများတွင် အသီးသီးနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၅ မျိုးရှိသည်။
အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံသည် ကျန်းမာရေးစောင့်ရှောက်မှုတွင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ အသက် ၆၄.၇ နှစ်နဲ့ မြန်မာြပည်၏ လူ့သက်တမ်းသည် ဒေသတွင်းနိုင်ငံများထဲတွင် အနိမ့်ဆုံးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်စုအတွင်း ပျံ့နှံ့တိုးပွားလာသည့် မကူးစက်ရောဂါအများအပြားကို ကိုင်တွယ်စဉ်တွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်များကို ပြည့်မီခြင်းဆိုသော အခက်ခဲနှစ်ခုနှင့်လည်း တပြိုင်တည်း ကြုံတွေ့နေရသည်။
မကူးစက်နိုင်သောရောဂါများမှာ သက်ကြီးများတွင် အများဆုံးအဖြစ်ပွားသည်ကိုတွေ့ရသည်။ မြန်မာ့လူဉီးရေ တိုးပွားလာသည်နှင့်အမျှ ရောဂါပျံ့နှံ့မှုများကလည်း ကြီးထွားလာနေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ထုတ်ပြန်သောအချက်လက်များအရ ၁၉၉၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မကူးစက်ရောဂါများကြောင့် သေဆုံးမှု မှာ ၃၆ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၆၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ကျန်းမာရေးနှင့်မညီညွတ်သော လူနေမှုပုံစံများဖြစ်သော ဆေးလိပ်နှင့် ဆေးရွက် ကြီးသုံးစွဲမှု၊ အာဟာရချို့တဲ့မှုနှင့် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းတို့ ကို အများဆုံးတွေ့ရပြီး အဆိုပါအကြောင်းအရင်းများမှာ မကူးစက်ရောဂါဖြစ်ပွားစေသည့် အကြောင်းရင်းများပင်ဖြစ်သည်။ မြန်မာြပည်ရှိ အရွယ်ရောက်ပြီးသူ ၉၄ ရာခိုင်နှုန်းနီးပါးသည် မကူးစက်နိုင်သောရောဂါဖြစ်ပွားနိုင်ခြေရှိသည့် အကြောင်းရင်းတစ်ခုနှင့်နေထိုင်နေကြပြီး ၂၀ ရာခိုင်နှုန်းသော လူဉီးရေမှာ မကူးစက်ရောဂါဖြစ်ပွားနိုင်ခြေ အကြောင်းရင်းနှစ်ခု (သို့) သုံးခုနဲ့ နေထိုင်နေကြသည်ကိုတွေ့ရသည်။
ဆေးရွက်ကြီးသုံးစွဲမှုမှာ အမျိုးသားများထဲတွင် အများဆုံးဖြစ်ပြီး ဆေးလိပ်သောက်သုံးမှုမှာ ၄၄ ရာခိုင်နှုန်းရှိကာ မသောက်သုံးနိုင်သည့် ဆေးရွက်ကြီးအသုံးပြုပစ္စည်း( ကွမ်းယာ)များကိုသုံးစွဲမှု ၆၂ ရာခိုင်နှုန်းခန့်ရှိနေသည်။ အစာအာဟာရအနေဖြင့် ၈၆.၆ ရာခိုင်နှုန်းသော အမျိုးသား၊ အမျိုးသမီးများသည် နေ့စဉ်စားသုံးရန်အကြံပြုထားသည့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက် ပမာဏများ ထက်နည်းပြီးစားသုံးကြသည်ကို တွေ့ရှိရသည်။ လူဉီးရေ၏ ၂၀ ရာခိုင်နှုန်းမှာ အရက်သောက်သုံးကြပြီး အထူးသဖြင့် အမျိုးသားများဖြစ်သည်။ ရှိသင့်သည့် ကိုယ်အလေးချိန်ထက်ကျော်လွန်သူ ၂၂ ရာခိုင်နှုန်းခန့်နှင့် အဝလွန်သူ ၅ ရာခိုင်နှုန်းခန့်အသီးသီးရှိကြသည်ကိုတွေ့ရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး( WHO)မှ ထုတ်ပြန်သောအချက်လက်များအရ ၂၆ ရာခိုင်နှုန်းသော အမျိုးသား၊ အမျိုးသမီးများသည် သွေးပေါင်ချိန်မြင့်တက်ခဲ့ပြီး နှလုံးရောဂါနဲ့ လေဖြတ်ရောဂါြဖစ်ပွားနိုင်ခြေတွင်ရှိနေသည်။ ထို့အပြင် အသက် ၂၅ နှစ်မှ ၆၄ နှစ်ကြား အရွယ်ရောက်ပြီးသူများတွင် ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း ၁၀.၅ ရာခိုင်နှုန်းခန့်ရှိနေသည်။
ကျန်းမာရေးမူဝါဒ
မြန်မာ့ကျန်းမာရေးစနစ်တွင် ငွေကြေးမလုံလောက်မှုကြီးမားစွာရှိနေသည်။ ကမ္ဘာ့ဘဏ်၏ ကမ္ဘာ့ဖွံ့ဖြိုးရေးဆိုင်ရာ အညွှန်းကိန်းများအရ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ကျန်းမာရေးကဏ္ဍ၌ ၎င်း ဂျီဒီပီ၏ ၂.၃ ရာခိုင်နှုန်းသာ အသုံးပြုခဲ့ပါသည်။ ယင်းမှာ အရှေ့တောင်အာရှပဖိဖိတ်ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ၆.၅ ရာခိုင်နှုန်းခန့်သာရှိပြီး အခြားဝင်ငွေနည်းပါးသော နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ၅.၇ ရာခိုင်နှုန်းသာရှိသည်ကိုတွေ့ရသည်။ သို့သော်လည်း ၂၀၁၅ ခုနှစ်မှာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အသုံးပြုမှုမှာ ၁.၈ ရာခိုင်နှုန်းတိုးတက်လာသည်။ ကျန်းမာရေးကဏ္ဍတွင် ငွေကြေးရင်းနှီးမြုပ်နှံမှုနည်းပါးခြင်း၏ အကျိုးရလဒ်အနေဖြင့် မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ဆောင်မှုအတွက် ကိုယ်တိုင်အိတ်စိုက် ငွေပေးချေရမှုများသည် စုစုပေါင်းကျန်းမာရေးအသုံးစရိတ်၏ ၈၁ ရာခိုင်နှုန်း အထိရှိပြီး ကမ္ဘာတစ်ဝှမ်းတွင် အမြင့်ဆုံးဖြစ်ကာ ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်လျှင် ၁၄ ရာခိုင်နှုန်း ၊ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ၄၃ ရာခိုင်နှုန်းရှိသည်။
၂၀၁၇ ခုနှစ်တွင် မြန်မာ့အမျိုးသားကျန်းမားရေးစီမံကိန်းကို ( ၂၀၁၇-၂၁)ကို အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုပေးစွမ်းရန် ၊ ဝန်ဆောင်မှုများ ပိုမိုရယူနိုင်ရန်နှင့် အိတ်စိုက်ငွေပေးချေရသည့် ကုန်ကျစရိတ်များကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် မိတ်ဆက်ခဲ့ပါသည်။ အစိုးရအနေဖြင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုကို ပြည့်မီရန်နှင့် အလုံးစုံ ကျန်းမာရေးအာမခံကို ၂၀၃၀ ပြည့်နှစ်တွင် လွမ်းခြုံနိုင်ရန် ကတိကဝတ်ပြုထားပြီးဖြစ်ပါသည်။
မကူးစက်ရောဂါများက ပေးသည့် စိန်ခေါ်မှုအခက်ခဲများကို ထုတ်ဖော်ရန်အတွက် အစိုးရအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက် ရှိ ပြည်သူ့ကျန်းမာရေးဌာနအတွင်း NCD unit ကို စတင်ဖွဲ့စည်းခဲ့ပြီး ကုန်ကျစရိတ်သက်သာသောနည်းလမ်းများဖြင့် မကူးစက်ရောဂါများကို စောစီးစွာရှာဖွေဖော်ထုတ်ခြင်း၊ မကူးစက်ရောဂါဖြစ်ပွားနိုင်ခြေများကို လျှော့ချရန် နည်းလမ်းများနှင့် စရိတ်သက်သာသည့်ဆေးဝါးများပါဝင်သော မကူးစက်ရောဂါများရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းစဉ်အစီစဉ်(PEN) ကိုချဲ့ထွင်ဆောင်ရွက်ခဲ့သည်။ အဆိုပါအစီစဉ်များကို မြို့နယ် ၂၂၀ တွင် ယနေ့အထိဆောင်ရွက်နေပြီး မြို့နယ် ၃၃၀ အထိတိုးချဲ့လုပ်ဆောင်သွားရန်စီစဉ်ထားပါသည်။
မကူးစက်ရောဂါများဆိုင်ရာ အမျိုးသားအဆင့်မဟာဗျုဟာစီမံကိန်း( ၂၀၁၇-၂၀၂၁) ကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့၏ ပံ့ပိုးမှုနှင့်အတူ မကူးစက်ရောဂါများကို ကျန်းမာရေးဉီး စားပေးဖြစ်လာရန် ၊ ခေတ်အခြေအနေကို စောင့်ကြည့်ရန်နှင့် ရောဂါြဖစ်ပွားနိုင်ခြေများကို ကိုင်တွယ်ဖြေရှင်းရန်စသည့် မကူးစက်ရောဂါလုပ်ငန်းများကို တိုးတက်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ မကူးစက်ရောဂါဆိုင်ရာအစီအစဉ်များအတွက် ငွေကြေးပံ့ပိုးမှု နည်းပါးခြင်း ၊ အသီးသီးသောဝန်ကြီးဌာနများနှင့် ဆက်စပ်သူများအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့က ယင်းစီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရာတွင် စိန်ခေါ်မှုများအဖြစ်ရှိနေသည်။
မြန်မာ့ကျန်းမာရေးစနစ်
မြန်မာ့လူဉီးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ ခန့်မှန်းခြေအားဖြင့် ဆရာဝန်ပေါင်း ၃၀,၀၀၀ ခန့်ရှိပြီး သူနာပြုအရေအတွက် ၅၅,၀၀၀ ခန့်နဲ့ သားဖွားဆရာမများက လူဉီးရေ ၅၁.၄ သန်းကျော်ကို တာဝန်ယူကုသပေးနေရခြင်းဖြစ်သည်။ သို့သော် အဆိုပါဆရာဝန်များ၏ ထက်ဝက်ခန့်သာလျှင် ပြည်သူ့ဆေးရုံများတွင် ဝင်ရောက် အလုပ်လုပ်ကိုင်ကြခြင်းကြောင့် ကျေးလက်ဒေသများရှိ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများတွင် ဝန်ထမ်းလုံလုံလောက်လောက်ခန့်ထားရန်အတွက် အခက်ခဲများလည်းရှိနေသည်။
လေ့လာမှုပြုလုပ်သည့် နေရာများတွင် မြို့နယ်အဆင့် ဆေးရုံများမှာ ကုတင်အရေအတွက် ၅၀ မှ ၂၀၀ ခန့်အထိသာရှိပြီး မြို့နယ်အလိုက် ဆရာဝန်တစ်ဉီး ၊ လက်ထောက်ခွဲစိတ်ဆရာဝန် ၂ ဉီးမှ လေးဉီးနဲ့ သူနာပြုများသာ ရှိသည်ကိုတွေ့ရသည်။ ကျေးရွာအဆင့်ရှိ ဆေးရုံအသေးများတွင် ဆရာဝန်တစ်ဉီး၊ သူနာပြု ငါးဉီး(သို့) ခြောက်ဉီးနဲ့ ကုတင် ၂၅ ခုမျှသာရှိသည်ကိုတွေ့ရသည်။ ကျေးလက်ကျန်းမာရေးဌာနများတွင်မူ လက်ထောက်ကျန်းမာရေးမှူးတစ်ဉီး ၊ ကျန်းမာရေးဆရာမတစ်ဉီး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်တစ်ဉီး ၊ သားဖွားဆရာမတစ်ဉီးသာရှိပြီး ကျေးလက်ကျန်းမာရေးဌာန(ခွဲ)များတွင် သားဖွားဆရာမတစ်ဉီးနဲ့ ပြည့််သူကျန်းမာရေးကြီးကြပ်တစ်ဉီးသာ ရှိသည်။ ယခုကဲ့သို့ အသေးစားဝန်ဆောင်မှုများဖြင့် အထွေထွေကျန်းမာရေးဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးနေသည်။ ၎င်းတို့တွင် ရပ်ရွာအခြေပြုလုပ်ဆောင်သည့် မကူးစက်ရောဂါ ဝန်ဆောင်မှုများလည်းမပါဝင်ပေ။
ထို့အပြင် မြို့ကြီးများတွင် အစိုးရတက္ကသိုလ်များမှ ဖွင့်လှစ်သည့် ဆေးပညာဆိုင်ရာသင်တန်းများသည်လည်း ကျေးလက်ဒေသနဲ့ တိုင်းရင်းသားလူနည်းစုဒေသများမှ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်နိုင်ရန်အတွက် အကန့်အသတ်များရှိနေသည်။ အခြေခံကျန်းမာရေးဝန်ဆောင်မှုများနှင့် ကိရိယာပစ္စည်းများအပါအဝင် ကျန်းမာရေးဝန်ဆောင်မှုအများအပြားကို အဆင့်မြှင့်တင်ရန်နှင့် ပြန်လည်မွန်းမွံရန် လိုအပ်နေသည့်အပြင် မလုံလောက်သော ပို့ဆောင်ဆက်သွယ်ရေးကြောင့် အထူးသဖြင့် နှလုံး၊ လေဖြတ်ခြင်းကဲ့သို့ အရေးပေါ်အခြေအနေများကို ထိထိရောက်ရောက်ကုသရာတွင်လည်း နှောင့်နှေးမှုတွေဖြစ်စေသည်ကို တွေ့ရသည်။
လူမှုအားမာန်ဆိုတာဘာလဲ?
ISHGs ဟုခေါ်သော ကိုယ့်အားကိုယ်ကိုးအဖွဲ့စည်းများသည် သက်ကြီးရွယ်အိုများ ကိုယ်တိုင်ဉီးစီးသည့် ရပ်ရွာအခြေပြုအဖွဲ့များဖြစ်သည်။ မြန်မာလို လူမှုအားမာန်ဟု အဓိပ္ပါယ်ရသည်။ လူမှုအား မာန်များတွင် သက်ကြီးများနှင့် မသန်စွမ်းသူများကိုယ်တိုင်ဉီးဆောင်ပြီး ဗော်လန်တီယာများနှင့် အဖွဲ့ဝင်များပူးပေါင်းပါဝင်သည်။ လူမှုအားမာန်အဖွဲ့များသည် ရပ်ရွာအတွင်းရှိ အဖွဲ့ဝင်များ၏ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန်အတွက် ကျန်းမာသောလူနေမှုဘဝပုံစံကို အားပေးခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများပုံမှန်ပြုလုပ်ပေးခြင်းနှင့် ဆေးရုံဆေးခန်းများကို လမ်းညွှန်ပေးခြင်းတို့ဖြင့် ဒေသခံများကို အကူအညီပေးပါသည်။ ထို့အပြင် အတိုးနှုန်းသက်သက်သာသာဖြင့် ငွေချေးပေးခြင်း၊ ပုံမှန်ဝင်ငွေရရှိနိုင်သည့် အသက်မွေးဝမ်းကြောင်းများလုပ်ကိုင်နိုင်ရန်အတွက် သင်တန်းများပေးကာ ပံ့ပိုးပေးခြင်းတို့အပြင် လူမှုရေးပင်စင်၊ မသန်စွမ်းထောက်ပံ့ကြေးကဲ့သို့သော လူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှု များကို တစ်ဉီးတစ်ယောက်ချင်း လက်လှမ်းမီနိုင်ရန်အတွက်လည်း ထောက်ပံ့ပေးပါသည်။
လူမှုအားမာန်အဖွဲ့များသည် ၂၀၀၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့မှ စတင်အကောင်အထည်ဖော်ခဲ့သည့် OPSHG ၏ အားလုံးပါဝင်နိုင်သော ကိုယ့်အားကိုယ်ကိုး အဖွဲ့အစည်းပုံစံသစ်ဖြစ်ပါသည်။ အသစ်ပြန်လည်ဖွဲ့ စည်းလိုက်သည့်ပုံစံသည် ပိုမိုကျယ်ပြန့်သောရပ်ရွာအသိုင်း အဝိုင်းတွင် ထိခိုက်လွယ်အုပ်စု အားလုံးပါဝင်လာအောင် ဉီးတည်ထားခြင်းဖြစ်သည်။ ယင်းတွင် လူငယ်အဖွဲ့ဝင်များကို သက်ကြီးများနဲ့အတူ လုပ်ကိုင်စေခြင်း၊ သက်ကြီးများကို ပံ့ပိုးစေခြင်းတို့ဖြင့် အသက်အရွယ် မရွေးတစ်ဉီးချင်းစီကို အတူတကွပေါင်းစည်းပေးထားသည်။
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ဖွဲ့စည်းပြီး လူမှုအားမာန်အဖွဲ့ ၁၃၆ ဖွဲ့မှ ၂၀၂၃ ခုနှစ်တွင် ၆၆၄ ဖွဲ့အထိ တိုးမြှင့် ဖွဲ့စည်းနိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကျွန်ုပ်တို့အနေဖြင့် လူမှုအားမာန်အဖွဲ့များ ဉီးဆောင်ဖွဲ့စည်းမှုမှ ၂၀၂၀ နှင့် ၂၀၂၃ ခုနှစ်တွင် အကောင်အထည်ဖော်မှုလုပ်ငန်းများကို လွဲပြောင်းယူသွားမည့် အစိုးရနှင့် ပြည်တွင်းမှ အရပ်ဘက်အဖွဲ့စည်းများကို နည်းပညာအကူအညီပေးခြင်းသို့ တဖြည်းဖြည်းပြောင်းလဲ သွားမည်ဖြစ်ပါသည်။
လေ့လာသည့်နေရာများ
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ( HelpAge International) မြန်မာနိုင်ငံရှိ မန္တလေး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးတဝန်းရှိ ကျေးရွာ ၁၅၀ တွင် အလုပ်လုပ်ကိုင်လျှက်ရှိပြီး ကျေးရွာ ၇၅ ရွာမှာ ISHG အဖွဲ့ဝင်များဖြစ်ကာ ယင်းကျေးရွာများသည် အပူပိုင်းကျေးလက်ဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ နှင့် မြို့ပြပတ်ဝန်းကျင် အခြေအနေ အသီးသီးကို ကိုယ်စားပြုနေသည်။ ပထဝီဝင်အနေအထားကိုလည်း ကွဲပြားစေသည်။ အဆိုပါကျေးရွာများ၏ စုစုပေါင်း လူဦးရေမှာ ၁၂၂,၉၃၀ ရှိပြီး အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ၎င်းကျေးရွာများတွင် ရပ်ရွာဖွံ့ဖြိုတိုးတက်ရေးလုပ်ငန်းများကို ၂၀၀၉ ခုနှစ်မှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
SUNI-SEA စီမံကိန်းမှ တဆင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံမြို့နယ်ရှိ လူမှုအားမာန်အဖွဲ့အချို့တွင်(ISHGs) ကျန်းမာရေး လုပ်ငန်းများကို ရှေ့ပြေးဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအ တွင်းရှိ လူမှုအားမာန်အဖွဲ့များ(ISHGs) တွင် အဆိုပါ လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်သွားရန် စီစဥ်ထားပြီးဖြစ်ပါသည်။ အကယ်၍ ထိုလုပ်ငန်းများမှာ မကူးစက်နိုင်သောရောဂါများ၏ ဝန်ထုတ်ဝန်ပိုးများကို လျော့ချရာတွင် ထိရောက်မှုရှိပြီး အောင်မြင်ကြောင်း သက်သေပြနိုင်ပါက အခြားသော စီမံကိန်းများမှတဆင့် အဆိုပါ လုပ်ငန်းများကို လူမှုအားမာန်အဖွဲ့များ ( ISHGs) ထံ ထပ်မံတိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများကို ထည့်သွင်းစဥ်းစားကာ လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် စီမံကိန်းလုပ်ငန်းများကို ပြုပြင်ရပါမည်။ ထို့သို့လုပ်ဆောင်ရာတွင် သွေးတိုး ရောဂါနှင့် ဆီးချိုရောဂါလက္ခဏာများကို ကိုယ်တိုင်ရှာဖွေစစ်ဆေးခြင်းတို့ပါဝင်ပါသည်။ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျ ဆင်းမှု နှင့် စိတ်ဒဏ်ရာရမှု ( PTSD) တို့အပါအဝင် ဖြစ်ပေါ်လာနိုင်ခြေရှိသည့် စိတ်ကျန်းမာရေး ရောဂါများအတွက် မိမိကိုယ် ကိုယ် ရှာဖွေစစ်ဆေးခြင်းတို့ကိုလည်း စီမံကိန်းအဖွဲ့မှ မိတ်ဆက်ခဲ့ပါသည်။ ရပ်ရွာလူထုနှင့် ကျန်းမာရေးစောင့် ရှောက်မှု ပေးသူများအကြား ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံတွင် ဆက်လက်အရေးပါလျက်ရှိပြီး ဒေသတွင်း ကျန်းမာရေး ဝန်ဆောင်မှုများရရှိနိုင်ပါက ကျန်းမာရေးစောင့်ရှောက်သူများထံ သွားရောက်ရန် အကြံပြုလမ်းညွှန်မှုများလည်း ဆောင်ရွက် သွားပါမည်။ အခြားသော ကျန်းမာရေးလုပ်ငန်းများတွင် စိတ်ကျန်းမာရေးအတွက် လူမှုရေးလှုပ်ရှားမှုများ၊ ပုံမှန်ကျန်းမာ ရေးအသိပညာပေးခြင်းနှင့် မြှင့်တင်ခြင်း၊ အလိုအပ်ဆုံးသူများအတွက် ရပ်ရွာလူထုအခြေပြု အိမ်တိုင်ရာရောက် ပြုစု စောင့်ရှောက်မှုလုပ်ငန်းများလည်း ပါဝင်မည်ဖြစ်ပါသည်။
အကောင်အထည်ဖော်ရေး မိတ်ဘက်များ
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့(မြန်မာ)အနေဖြင့် Country Coordinator အနေအဖြစ်ဆောင်ရွက်ကာ မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်အားလုံးကို ပံပိုးပေးနေပါသည်။ ယခုသုတေသနကို ပြည်တွင်းမှ မိတ်ဘက်တစ်ဉီးဖြစ်သည့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ လူမှုအားမာန်အဖွဲ့များအပါဝင် အခြားသောဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။